Unity Logo

ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်တော့မည့် ကုန်သွယ်မှု

   

မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှတဆင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု ချိတ်ဆက်ဆောင်ရွက်နိုင်တော့မည်

မြန်မာနိုင်ငံ၏ ဒေသထွက်ကုန်နှင့် အစားအစာများကို တစ်နေရာတည်းတွင် ရရှိနိုင်ပြီး ပြည်ပနိုင်ငံများနှင့်ပါ ကုန်သွယ်မှုချိတ်ဆက်ဆောင်ရွက်နိုင်မည့် မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနကို မတ်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှ သိရပါတယ်။

အဆိုပါ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနကို ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်တွင် ဖွင့်လှစ်မှာဖြစ်ကြောင်း မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန တာဝန်ခံဒေါက်တာ သက်လွင်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

အဆိုပါကုန်သွယ်မှုဌာနတွင် အထပ်သုံးထပ်ပါရှိမှာဖြစ်ပြီး အောက်ထပ်တွင် မြန်မာနိုင်ငံအရပ်ရပ်မှ ဒေသထွက်ကုန်များထားရှိပေးမည့် Myanmar Products Show Room နှင့် Myanmar Brand Center များ ပြသထားမှာဖြစ်ပြီး ဒုတိယထပ်တွင် ပြည်တွင်းရုံးခန်းနှင့် အပေါ်ထပ်တွင် ပြည်ပနိုင်ငံများမှ ရုံးခန်းများ ဖွင့်လှစ်ထားရှိမှာဖြစ်ပါတယ်။

အပေါ်ထပ်ရှိ ပြည်ပနိုင်ငံများ၏ ရုံးခန်းနှင့်အတူ နိုင်ငံအလိုက် အကူအညီပေးသည့် ကောင်တာများ ထားရှိပေးမှာဖြစ်ပြီး ကုန်သွယ်မှုပြုလုပ်လိုပါက ၎င်းကောင်တာများတွင် စုံစမ်းမေးမြန်း၍ ချိတ်ဆက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

"အဓိကကတော့ အပြည်ပြည်ဆိုင်ရာရုံးတွေပေါ့။ ဂျာမနီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) ၊ World Bank တို့လို အဖွဲ့အစည်းတွေရှိမယ်။ ပြီးရင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယနိုင်ငံ စတဲ့ အကူအညီပေးတဲ့ ကောင်တာတွေ ထားပေးမယ်။
ဥပမာ- ကျွန်တော်တို့ ကုန်သည်တွေက ဂျပန်နိုင်ငံကို ပစ္စည်းပို့ချင်တယ်။ ဘယ်လိုပို့ရမှန်းမသိဘူး။ ဒါမှမဟုတ် ကျွန်တော့်မှာ ပစ္စည်းရှိတယ်ဆိုရင် ဈေးကွက်ဘယ်လိုရှိလဲ စတာတွေ စုံစမ်းလို့ရမယ်" လို့ ဒေါက်တာသက်လွင်ဦးက ပြောပါတယ်။

လက်ရှိတွင် မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနသို့ လာရောက်ရန် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဥရောပသမဂ္ဂ စတဲ့နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

Source:Myawady