Unity Logo

မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့ဝန်ထမ်း (၇၅) ရာခိုင်နှုန်းကို အိမ်ရာ၊ အိမ်ခန်းဖြည့်ဆည်းပေးရန် ကျန်ရှိနေသေးဟုဆို

   

မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့ဝန်ထမ်းဦးရေ (၂၅) ရာခိုင်နှုန်းအား အိမ်ရာ၊ အိမ်ခန်းဖြည့်ဆည်းထားပြီဖြစ်ကြောင်း သိရှိရပါသည်။ ကျန်ရှိဝန်ထမ်း (၇၅) ရာခိုင်နှုန်းအား အိမ်ရာ၊ အိမ်ခန်းဖြည့်ဆည်းပေးရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ပြီးခဲ့သည့်သြဂုတ်လ၊ (၂၈)ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ရှင်တော်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မွေးမြူးရေးခြံမှာ ပြုလုပ်ခဲ့သည့် ပြည်သူ့အဌားအိမ်ရာ၊ မန္တလေးပန္နက်တင်အခမ်းအနားကနေ သိရှိရပါသည်။

မြန်မာနိုင်ငံ၏လူဦးရေ (၃၀)ရာခိုင်နှုန်းမှာ မြို့ပြတွင်နေထိုင်ကြပြီး ရန်ကုန်နှင့်မန္တလေးမြို့မှာ အများဆုံးနေထိုင်ကြပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း၌ မြို့ပေါ်လူဦးရေတိုးပွားနှုန်းမှာ တစ်နှစ်လျှင် ၂ ရာခိုင်နှုန်းတိုးပွားလျက်ရှိပြီး မန္တလေးမြို့တွင် လူဦးရေ(၁.၃)သန်းနေထိုင်နေပြီး အလုပ်အကိုင်အခွင့်အလမ်းကြောင့် အလုပ်လာရောက်လုပ်ကိုင်ကြသည့်အတွက် နေရာစရာလိုအပ်အခက်အခဲများရှိနေသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိနိုင်ငံ့ဝန်ထမ်းပေါင်း(၁၀၄၂၄၉) ဦးရှိပြီး အဌားအိမ်ရာလိုအပ်ချက်မှာ နှစ်စဉ်အခန်းပေါင်းတစ်သောင်းနီးပါးလိုအပ်နေတာဖြစ်ကြောင်း သိရှိရသည်။ မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံ့ဝန်ထမ်း(၄)ဦးကို တစ်ဦးနှုန်းအိမ်ရာ၊ အိမ်ခန်းဖြည့်ဆည်းပေးထားသော်လည်း (၂၅)ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်ပြီး (၇၅) ရာခိုင်နှုန်းအား ဖြည့်ဆည်းပေးရမည်ဖြစ်သည်ဟု သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် အိမ်ရာကဏ္ဍ ဖြည့်ဆည်းပေးသည့် နေရာမှာ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ပြည်သူတွေအတွက် အဓိကထားအကောင်အထည်ဖော် ဆောင်ရွက်နေပြီး မန္တလေးတိုင်းဒေသကြီးအတွင်းမှာ လက်ရှိအစိုးရလက်ထက်မှာ တစ်နှစ်လျှင်ပျမ်းမျှအခန်းပေါင်း (၄၅၀) ဆောက်လုပ်ပေးနေသည်။

Source:ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန